မြန်မာတို့၏ (၁၂) လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့် လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရသည့် စည်းလုံး ညီညွတ်မှု စွမ်းအားကို ဖြစ်ပေါ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါသည်။
ထိုသို့ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် အားပေးခဲ့ကြပါသည်။
ပထမဉီးစွာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ ပြီးနောက် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များမှ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် ဆုရရှိကြသည့် အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။






