နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်

Myanmar Coast Guard

ရန်ကုန်၊ အောက်တိုဘာ ၉

မြန်မာ့ပင်လယ်ပြင်နှင့်ရေကြောင်းအကျိုးစီးပွားများ၊  ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများအား တားဆီး ကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူ ပြုနိုင်ရန် စသည့်ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဖွဲ့စည်းခြင်း (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။    

ဦးစွာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် တွေ့ဆုံပွဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိ၊ စစ်သည် များအား ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်ပြီး နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများကို ကောင်းမွန် ထိရောက်စွာအသုံးချနိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း၊ ရေကြောင်း အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် တည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးမှုရှိသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်သွားရမည့်တပ်ဖွဲ့ဖြစ်သည်ကို လေးနက်စွာနားလည်သဘောပေါက်ခံယူ ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံတော်အစိုးရက အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ အကာအကွယ်ပေးမှုနှင့် လက်တွေ့ကျင့်သုံးနိုင်မှုများဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် တည်ဆဲရေကြောင်းဥပဒေများအတိုင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့်ဆက်စပ်ကျင့်သုံးရမည့် ရေကြောင်းဆိုင်ရာဥပဒေများ ကိုလည်း စဉ်ဆက်မပြတ်လေ့လာ၍ နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ပင်လယ်ရေကြောင်းကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရေး ကဏ္ဍများ၌ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများကို နယ်ပယ်စုံဖြန့်ကြက်နိုင်စွမ်းမြှင့်တင်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအား အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရန် ရေကြောင်းဆိုင်ရာနိုင်ငံတကာဥပဒေ၊ ကွန်ဗင်းရှင်း၊ သဘောတူညီချက်များနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို သိရှိနားလည်ရန်လိုအပ်သလို နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေး၊ ရေကြောင်းဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကိုလည်း သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်လာစေရေးနှင့် လုပ်ငန်းတာဝန်ဆိုင်ရာပညာရပ်များ၌ ကျွမ်းကျင်တပ်ဖွဲ့ဝင်ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လေ့ကျင့်ရေးအစီအစဉ် များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တက်ရောက်လာကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်အထိမ်းအမှတ်ပြခန်းအား ကြည့်ရှု၍ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကမ်းခြေစောင့်တပ်ဖွဲ့ ဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသည့် ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်ပေါ် တက်ရောက်လေ့လာကြည့်ရှုပြီး ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အားလုံး ကမ်းခြေစောင့်တာဝန်ထမ်းဆောင်နိုင်ရန် အမြဲအသင့်ရှိနေစေရေး မှာကြား သည်။

သတင်းစဉ်