၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့တွင် ပါကစ္စတန် ရေကြောင်းလုံခြုံရေးအေဂျင်စီ (Pakistan Maritime Security Agency – PMSA) မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သော BARRACUDA – XIII လေ့ကျင့်ခန်းသို့ မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
BARRACUDA – XIII လေ့ကျင့်ခန်းတွင် ပါကစ္စတန်ပြည်တွင်းမှ ရေကြောင်းလုံခြုံရေး အေဂျင်စီ (PMSA)၊ ပါကစ္စတန်ရေတပ်၊ လေတပ်၊ ဆိပ်ကမ်းအာဏာပိုင်၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဝန်ကြီးဌာန၊ ရေနံကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် Karachi Port Trusti Qasim Authority ကဲ့သို့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့အစည်းများပါဝင်ခဲ့ပြီး နိုင်ငံတကာ ကိုယ်စားလှယ်များ အဖြစ် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ ပါသည်။
လေ့ကျင့်ခန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအနေဖြင့် ရေထုညစ်ညမ်းမှုထိန်း ချုပ်ရေးနှင့် ရေနံယိုဖိတ်မှု တုံ့ပြန်ရေးတို့အတွက် အမျိုးသားအဆင့်တုံ့ပြန်မှုကို တိုးတက်စေ ရန်၊ ရှာဖွေကယ်ဆယ်ရေး လုပ်ထုံးလုပ်နည်းများကို စမ်းသပ်စစ်ဆေးရန်နှင့် ပိုမိုကောင်းမွန် အောင် ပြုပြင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး စီမံချက်များကို ဇာတ်တိုက်လေ့ကျင့်ရန်၊ ပင်လယ်ဓားပြတားဆီးကာကွယ်ရေးအတွက် လေ့ကျင့်ရန်တို့အပြင် ပြည်တွင်း၊ ပြည်ပ သက်ဆိုင် သူများအား အသိပညာမျှဝေရန်၊ လုပ်ထုံးလုပ်နည်းများ ပိုမိုကောင်းမွန်အောင် ပြုပြင်ရန်၊ ရေကြောင်းလုံခြုံရေးနှင့် သဘာ၀ပတ်၀န်းကျင် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်များကို တစ်ပြေးညီမြှင့်တင်ရေးအတွက် Platform တစ်ခုကို ပံ့ပိုးပေးရန်တို့ဖြစ်သည်။




