မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စီးအား တပ်မတော်(ရေ)နှင့် မြန်မာ နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

Myanmar Coast Guard

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ၀၆၄၀ ချိန်ခန့်တွင် မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ဇောတိက ကမ်းလွန်တွင်းတူးစင်၏ (၂.၂) မိုင်ခန့်အကွာ၌ လှေငယ်တစ်စီး နစ်မြုပ်သွားကြောင်း MRCC သို့ သတင်းအချက်အလက် မျှဝေပေးပို့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (၅၅၆) နှင့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့် ရေယာဉ် (P 312) တို့သည် ရေဝင်နစ်မြုပ်မှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ သွားရောက်ကယ်ဆယ်ခဲ့ ကြပါသည်။

အဆိုပါ နစ်မြုပ်လှေပေါ်တွင် လိုက်ပါလာသူ ၈၆ ဉီး အား ရေနံစင်အထောက်အကူပြု ရေယာဉ် ၃ စီးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးများထောက်ပံ့ပေး ခြင်းစသည့် လူသားချင်းစာနာ အကူအညီပေးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ရေကြောင်းလုံခြုံရေး၊ ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ပြည်တွင်း/ ပြည်ပ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သောဌာနများ၊ အသင်းအဖွဲ့များနှင့် သတင်းအချက်အလက် မျှဝေခြင်းစသည့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းတာဝန်များကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဉပဒေပါပြဋ္ဌာန်းချက်များ အတိုင်း လုပ်ဆောင်လျက်ရှိပါသည်။