MV ရွှေပြည့်ချမ်းသာ (ကုန်တင်ရေယာဉ်) ရေဝင်နစ်မြှုပ်မှုမှ ရေယာဉ်အမှုထမ်း ၁၅ ဦးအား တပ်မတော်(ရေ)နှင့် ပူးပေါင်း၍ ကယ်ဆယ်နိုင်ခဲ့

Myanmar Coast Guard

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်၊ ၀၉၃၀ ချိန်ခန့်တွင် MV ရွှေပြည့်ချမ်းသာ အမည်ရှိ ကုန်တင်ရေယာဉ်သည် ခန့်မှန်း မြောက်လတ္တီတွဒ် Latitude 16° 07.65′ N ၊ Longitude 096° 20.41′ E (Yangon Pilot Station ၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ)တွင် ရေဝင်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်သတင်း ပေးပို့ချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်မှ အမြန်သွားကင်းလှည့် ရေယာဉ် (P 313) သည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၅၅၆)နှင့်အတူ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ၁၅၀၀ နာရီတွင် ရေယာဉ်စွန့်ခွာခဲ့သော အမှုထမ်း ၁၅ ဦးအား ကယ်ဆယ်နိုင်ခဲ့ ပါသည်။

သတင်းစုံစမ်းဖော်ထုတ်ချက်အရ MV ရွှေပြည့်ချမ်းသာ ကုန်တင်ရေယာဉ်သည် ကော့သောင်းမြို့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက် ၀၈၃၀ နာရီတွင် ကုန်မျိုးစုံ ၉၁၇ တန်နှင့် ရယအမှုထမ်း ၁၅ ဦး တင်ဆောင်၍ ရန်ကုန်ရှိ သာကေတကြယ်ငါးပွင့်ဆိပ်ကမ်းသို့ထွက်ခွာလာစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရေယာဉ်ဦးပိုင်းနှင့် Cabel Locker ခန်းမှ ရေများဝင်ရောက်ခြင်းဖြစ်ပြီး ရေယာဉ်ပေါ်ပါ အမှုထမ်းများထိခိုက်မှုမရှိကြောင်း၊ ၁၄၀၀ နာရီခန့်တွင် ရေဝင်နေမှုအား ထိန်းချုပ် နိုင်ခြင်း မရှိခြင်းကြောင့် ရေယာဉ်စွန့်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် MV ရွှေပြည့်ချမ်းသာ အမည်ရှိ ကုန်တင် ရေယာဉ် ရေဝင်နေမှုအား သတင်းရရှိသည်နှင့် ကွပ်ကဲမှုဌာနချုပ်ရှိ Vessel Monitoring System (VMS) စနစ်နှင့် Automatic Identification System (AIS) စနစ်များဖြင့် ကြည့်ရှုစစ်ဆေးပြီး ဖြစ်စဉ်ဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်ရှိ ငါးဖမ်းရေယာဉ်များနှင့် ကုန်သွယ်ရေယာဉ်များအား ကယ်ဆယ်ရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခံခြင်း၊ Pilot Station နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း နှင့် ကမ်းရိုးတန်းသွားရေယာဉ်ပိုင်ရှင်များအသင်းနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့်ရေယာဉ် (P 313) နှင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၅၅၆)တို့ဖြင့် ပူးပေါင်း၍ ရေယာဉ်အမှုထမ်း ၁၅ ဦးအား ဘေးကင်းလုံခြုံစွာဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရရှိထားသော အမှုထမ်းများအား သက်ဆိုင်ရာကုမ္ပဏီသို့ ပြန်လည် လွှဲပြောင်းပေးနိုင်ရေး တပ်မတော်(ရေ)မှ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

MV ရွှေပြည့်ချမ်းသာ ကုန်တင်ရေယာဉ် နစ်မြှုပ်ခဲ့သည့် Latitude 16° 07.65′ N ၊ Longitude 096° 20.41′ E (Yangon Pilot Station ၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ) တည်နေရာအနီးတစ်ဝိုက်တွင် ဖြတ်သန်းသွားလာသော သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေ များ၊ ကမ်းရိုးတန်းသွားရေယာဉ်များ၊ ငါးဖမ်း/ငါးသယ် ရေယာဉ်များနှင့် အပျော်စီးခရီးသွား ရေယာဉ်များအနေဖြင့် အဆိုပါတည်နေရာမှ လွတ်ကင်းစွာ သတိပြုရှောင်ရှား မောင်းနှင်သွားကြ ပါရန် အသိပေးအပ်ပါသည်။