ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ အခြေခံမြန်မာ့သိုင်းသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၆) အား ဖွင့်လှစ်သင်ကြား

Myanmar Coast Guard

၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်

ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ရှိ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းများ တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကိုယ်ခံပညာများတတ်ကျွမ်းစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်မှ မတ်လ ၂၃ ရက်အထိ အခြေခံမြန်မာ့သိုင်းသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၆) ကို မှီခိုသူ ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

 မတ်လ ၂၃ ရက်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့ရာ ရှေးဦိးစွာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်း သူများမှ စုပေါင်း၍ လည်းကောင်း၊ ၄ ယောက်တွဲဖြင့် လည်းကောင်း အခြေခံမြန်မာ့သိုင်း ၆၃ မောင်းအား သရုပ်ပြသခြင်း၊ ဓားလမ်းကြောင်း ၉ ချက် ရပ်လျက်သရုပ်ပြသခြင်းနှင့် လှုပ်ရှားမှုဖြင့် သရုပ်ပြသခြင်း၊ မြန်မာ့သိုင်းကိုယ်ခံပညာ အတွဲလိုက် သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် မြန်မာ့သိုင်းသင်တန်းနည်းပြအဖွဲ့နှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။