ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်သို့ ထိုင်းနိုင်ငံ ရေနံနှင့်စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP) လုပ်ငန်းကိုယ်စားလှယ်အဖွဲ့က လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား  လာရောက် ရှင်းလင်းတင်ပြခဲ့

Myanmar Coast Guard

၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်

ထိုင်းနိုင်ငံ ရေနံနှင့်စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP) မှ General Manager, Myanmar Asset, Mr. Suppakarn Thanatit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း (Myanma Oil and Gas Enterprise – MOGE) မှ ကိုယ်စားလှယ်အရာရှိ ၁ ဦး၊ ရတနာ ကမ်းလွန်ရေနံနှင့်သဘာ၀ ဓာတ်ငွေ့စီမံကိန်းနှင့် ဇောတိကကမ်းလွန် ရေနံနှင့်သဘာ၀ဓာတ်ငွေ့စီမံကိန်းတို့မှ ကိုယ်စားလှယ် ၁၆ ဦး လိုက်ပါ၍ PTTEP International Limited ကုမ္ပဏီမှ ကမ်းလွန်ရေနံနှင့် သဘာ၀ဓာတ်ငွေ့စီမံကိန်း ဆောင်ရွက် နေမှုအခြေအနေများနှင့် သတင်းအချက်အလက်များအား ရှင်းလင်းတင်ပြရန် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် လာရောက်ခဲ့ပါသည်။

PTTEP International Limited မှ ကိုယ်စားလှယ်အဖွဲ့အား ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်တက်လွင်ထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါ သည်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited ကုမ္ပဏီမှ ဇောတိကစီမံကိန်းနှင့် ရတနာစီမံကိန်းတို့တွင် ဆောင်ရွက်လျက်ရှိသော ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ အဆင်ပြေ လုံခြုံ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ကြုံတွေ့လာနိုင်သည့် အခက်အခဲ အကြပ်အတည်းများနှင့် အရေးပေါ်အခြေအနေ များတွင် သတင်းအချက်အလက်များ မျှဝေပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ကမ်းခြေစောင့်တပ်ဖွဲ့မှ  မြန်မာကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတော်၏ ရေကြောင်း အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရသည့် လူမှုဝန်ထမ်းအခြေပြု ရေကြောင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရေကြောင်းဆိုင်ရာ လုံခြုံ​ရေး၊ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာကူညီပေးရေး၊ ရေထုညစ်ညမ်းမှုကာကွယ်တားဆီး တုံ့ပြန် ဆောင်ရွက်ရေး အပါအဝင် ပင်လယ်ရေကြောင်းသဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ ရေနံနှင့်စွမ်းအင်ကုမ္ပဏီ PTT Exploration & Production (PTTEP) မှ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ဦးစီးလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သဘာ၀ဓာတ်ငွေ့တွင်းတူးစင်များသည် နိုင်ငံတော်၏ အမျိုးသား အကျိုး စီးပွားအတွက် အရေးပါပြီး ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ရေကြောင်းအကျိုးစီးပွား ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရသည့်  တာဝန်၀တ္တရားများကို ထမ်းဆောင်လျက် ရှိရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ ပြဌာန်းချက်များပါအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။