မြန်မာနိုင်ငံသည် ရေကြောင်းပထဝီဝင်အနေအထားအရ ဒေသတွင်း မဟာဗျူဟာကျစွာ တည်ရှိနေပြီး ရှည်လျားသော ကမ်းရိုးတန်းနှင့် သယံဇာတပေါကြွယ်ဝသည့်ပင်လယ်ပြင်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထိုကဲ့သို့သော ကမ်းရိုးတန်းနိုင်ငံ တစ်နိုင်ငံအတွက် ပင်လယ်ပြင်သယံဇာတများနှင့် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ရေကြောင်း လုံခြုံရေး၊ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဏ္ဏဝါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး တို့သည် အရေးကြီးသောတာဝန်များ ဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အခြားကမ်းရိုးတန်းနိုင်ငံများနည်းတူ အဆိုပါရေကြောင်းဆိုင်ရာတာဝန်များကို ထမ်းဆောင်ရန် လိုအပ်လာသည့်အတွက် နိုင်ငံတော်အကြီးအကဲမှ အမျှော်အမြင်ကြီးစွာဖြင့် ကမ်ခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ဖွဲ့စည်းခြင်းနှင့်တာဝန်ပေးအပ်ခြင်း
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့ကာ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲကွပ်ကဲမှုဌာနချုပ်နှင့် အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်စုတို့ကို တပ်တော်ဝင် ဖွဲ့စည်းခဲ့ပါသည်။ အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး ၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ၂ စီးနှင့် တပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့် ၃၀၀ ခန့်တို့ဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။
ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်နယ်နိမိတ်အတွင်း ပင်လယ် ရေကြောင်းအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းဆိုင်ရာကိစ္စရပ်များအား တာဝန်ခံစီမံ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ပါသည်။
ဖွဲ့စည်းခွင့်
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခွင်ပြုခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏လက်ရှိအခြေအနေ
ယခုအခါ ရေယာဉ် ၁၄ စီး ၊ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ဦး ခန့်ဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး၊ ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်ထိန်းချုပ်ရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
