၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ တွင် ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာကွပ်ကဲမှုဗဟိုဌာန (Thai-MECC) က အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက်အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ် အစည်းအဝေး 4th ASEAN Coast Guard Forum (2025) သို့ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တက်လွင်ထွန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အာဆီယံဒေသတွင်းနိုင်ငံများမှ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းတရား ဥပဒေစိုးမိုးရေး အေဂျင်စီများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ စင်ကာပူအခြေစိုက် သတင်းပေါင်းစပ်ညှိနှိုင်းရေးဗဟို(IFC)၊ ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ ဆိုင်ရာမဟာမင်းကြီးရုံး (UNODC)တို့ တက်ရောက်ခဲ့ပါသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်သည် အရှေ့တောင်အာရှဒေသတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများအကြား ခင်မင်ရင်းနှီးမှုတို့ကို တိုးမြှင့်တည်ဆောက်ကာ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး၊ ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးအပါအဝင် ရေကြောင်းသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ်းခြေစောင့် တပ်ဖွဲ့လုပ်ငန်းစဉ်များအား သိရှိလေ့လာနိုင်စေရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
ပထအကြိမ်ကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်ကို ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ တွင် စတင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်အား ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်လည်းကောင်း၊ တတိယအကြိမ်အား ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအို မြို့တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် စတုတ္ထအကြိမ်မြောက် ကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်ကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးပွဲတွင် အရှေ့တောင်အာရှဒေသတွင်း လက်တလော ရင်ဆိုင် ကြုံတွေ့ နေရသည့် ရေကြောင်းဆိုင်ရာ အရေးကိစ္စများကို ချပြဆွေးနွေးခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုအား ခေတ်မီပစ္စည်းကိရိယာအစုံအလင်ဖြင့် လက်တွေ့သရုပ်ပြသခြင်း၊ အိမ်ရှင် အဖြစ်လက်ခံကျင်းပသည့် ထိုင်းနိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ ကွပ်ကဲမှုဗဟိုဌာန အထွေထွေအတွင်းရေးမှူးက ယခုကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အကြား ပိုမိုရင်းနှီးမှုများ ရရှိကာ သတ်မှတ်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်မှုကောင်းများရရှိပါကြောင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာများသို့ အသိပေး ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်ကိုယ်စားလှယ်များ နှစ်နိုင်ငံတွေ့ဆုံခြင်းများ၊ အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ် ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်နှင့် သဘောတရားစာတမ်း မူကြမ်းအပေါ် အတွေးအမြင်များ ဖလှယ်ကာ ရှင်းလင်း ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။
စတုတ္ထအကြိမ်မြောက် အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်တွင် အာဆီယံဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ခြင်း (Fostering Maritime Safety, Security, and Prosperity in ASEAN) အား မျှော်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့မှ ပါဝင်ဆွေးနွေး တက်ရောက်ခဲ့ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေကြောင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိခဲ့ပါသည်။ အာဆီယံဒေသတွင်း ရေကြောင်းဆိုင်ရာအရေးကိစ္စရပ်များအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ များနှင့် ရေကြောင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ဆောင်ရွက်နေမှုများကိုလည်း လေ့လာ သိရှိခွင့် ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ အာဆီယံဒေသတွင်း ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်း တရားဥပဒေ စိုးမိုးရေး အေဂျင်စီများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများကို တိုးမြှင့် ရရှိစေမည် ဖြစ်သည့်အပြင် ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည် ပြည့်ဝစွာ ထမ်းဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရရှိစေနိုင်သည့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။







