၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၁/၂၀၂၅) ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်း ခဲ့ပါသည်။
မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် ဖွဲ့စည်း ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ပင်လယ်ပြင်တွင် နိုင်ငံတကာရေကြောင်းဥပဒေစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သဖြင့် နိုင်ငံတကာနည်းတူ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာ စစ်ဘက်၊ အရပ်ဘက်ဥပဒေဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုခဲ့ပါသည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေမူကြမ်းပြုစု ရေးဆွဲရန်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် ပြင်ပဥပဒေပညာရှင်များပါဝင်သော မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ဥပဒေမူကြမ်းရေးဆွဲရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ ရေးဆွဲ ပြုစုခဲ့ပါသည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို မြန်မာ့ပင်လယ်အတွင်းပိုင်းရေပြင်မှ သီးသန့် စီးပွားရေးဇုန်အထိ ရေပြင်နယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ပင်လယ် ရေကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး၊ ရေကြောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာတရားဥပဒေစိုးမိုးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ် ရေး၊ အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေထုညစ်ညမ်းမှုတုံ့ပြန်ရေးလုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုအပါအဝင် တရားမဝင် ဝင်ရောက်အခြေချနေထိုင်မှုများနှင့် ပင်လယ်ဓားပြမှုများကို တားဆီးနှိမ်နှင်းနိုင်ရန်ရည်ရွယ်၍ ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါ သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေတွင် အခန်း (၁၃) ခန်း၊ ပုဒ်မ (၄၇) ခုဖြင့် ရေးဆွဲပြဋ္ဌာန်းထားရှိပါသည်။



