အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့များဖိုရမ်၏ နည်းပညာကျွမ်းကျင်သူအဖွဲ့ (ဦးစီးအရာရှိများ) အစည်းအဝေးသို့ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

Myanmar Coast Guard

၂၀၂၆ ခုနှစ် မေလ ၉ ရက်

ဒေသတွင်း ရေကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး၊ ရေကြောင်းပြစ်မှုများ တားဆီး ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိပါသည်။

ဒေသတွင်း ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရန် ၂၀၂၆ ခုနှစ် မေလ ၈ ရက်မှ ၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ မာနာဒိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်၊နည်းပညာကျွမ်းကျင်သူအဖွဲ့(ဦးစီးအရာရှိများ)အစည်းအဝေး (Technical Expert Group Meeting) သို့ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ် ၃၂ ဦးနှင့် အာဆီယံ အတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဒေသတွင်းရေကြောင်းပြစ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန် အတွက် ဆွေးနွေးခဲ့ကြပြီး၊ ၎င်းဆွေးနွေးမှုရလဒ်များကို လာမည့် ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့၌ ကျင်းပမည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့တင်ပြကာ ဆက်လက်ညှိနှိုင်း အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။