မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေ ၁ စင်းပေါ်တွင် လိုက်ပါလာသူများအား မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကူညီကယ်ဆယ်

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့် (ဒဂုံမီးပြ၏ အရှေ့တောင်ဘက် ၃၇ မိုင်ခန့်) အကွာ ရှိ   မြန်မာ့ပင်လယ်ပြင်အတွင်း တိုးတိုးလွင် (၉၉) အမည်ရှိ ငါးသယ်လှေ ၁ စင်း ရေဝင်နစ်မြုပ် နေကြောင်း သတင်းရရှိသဖြင့်  ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့် ရေယာဉ် (P 317) သည် အနီးအနားရှိ ဒေသခံ ငါးဖမ်းလှေများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ငါးသယ်လှေပေါ်၌  လိုက်ပါလာသူများအနက် ၁၁ ဦးတို့ကို ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ  ရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ  ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ကာ စက်တင်ဘာလ ၁၁ ရက်တွင် စနစ်တကျ လွှဲပြောင်းခဲ့ကြောင်း သိရှိရပါသည်။