(၂၂) ကြိမ်မြောက် အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များအစည်းအဝေးသို့ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင် တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပသည့် (၂၂) ကြိမ်မြောက် အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (High-Level Meeting of 22nd Heads of Asian Coast Guard Agencues Meeting) သို့ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အာရှ‌ဒေသတွင်း အဖွဲ့ဝင်အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ခေါင်းဆောင်များအစည်းအဝေးသို့ အဖွဲ့ဝင် ၁၉ နိုင်ငံမှ ကိုယ်စားလှယ်များ၊လေ့လာသူနိုင်ငံ ၂ နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာရှဒေသတွင်း ပင်လယ်ဓားပြနှင့် လက်နက်ကိုင်လုယက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ReCAAP) နှင့် ကမ္ဘာ့ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ ဆိုင်ရာမဟာမင်းကြီးရုံး(UNODC) ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြပြီး ဒေသတွင်းရေကြောင်းဆိုင်ရာလုံခြုံရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်း ဆိုင်ရာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။

အာရှနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (Heads of Asian Coast Guard Agencies Meeting – HACGAM) ကို အဖွဲ့ဝင်အာရှနိုင်ငံများအကြား ပင်လယ် ရေကြောင်းရှာဖွေကယ်ဆယ်ရေး (Maritime Search and Rescue – SAR)၊ ပင်လယ်ပြင်တွင် တရားမဝင်လုပ်ငန်း ဆောင်ရွက်မှု တားဆီးထိန်းချုပ်ရေး (Preventing and Controlling Unlawful Acts at Sea)၊ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Maritime Environmental Protection)၊ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်တည်ဆောက်ရေး (Capacity Building) ၊ သတင်းအချက်အလက်မျှဝေရေးနှင့် ပူးပေါင်းလေ့ကျင့်ခန်းဆောင်ရွက်ရေး (Information Sharing and Joint Exercise) ဟူသည့် အဓိကလုပ်ငန်းပိုင်းဆိုင်ရာ Pillar ၅ ခုတွင် ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ဒေသတွင်းပင်လယ်ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု တိုးတက်မြင့်မားလာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။