စက်မကြီးချို့ယွင်းသည့် နိုင်ငံခြားကုန်တင်ရေယာဉ် “Glory Light” အား မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့

၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက်

ကာလကတ္တားမြို့မှ မလေးရှားနိုင်ငံ ပို့ကလန်ဆိပ်ကမ်းသို့ ရေယာဉ်အမှုထမ်း ၁၈ ဦး တင်ဆောင်၍ ထွက်ခွာလာသည့် ပနားမားနိုင်ငံမှတ်ပုံတင် “Glory Light” နိုင်ငံခြားကုန်တင် ရေယာဉ်သည် ၂၀၂၆ ခုနှစ် မေလ ၂၃ ရက်နေ့တွင် မော်တင်စွန်း အနောက်ဘက် မြန်မာ့ရေပိုင်နက်အတွင်း၌ စက်မကြီးချို့ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်အား သိရှိရသည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အမြန်သွားကင်းလှည့်ရေယာဉ် (P 313) သည် အဆိုပါ ရေယာဉ်အနီးသို့ သွားရောက်ဆက်သွယ်ကာ လိုအပ်သော စားရေရိက္ခာ ပို့ဆောင်ပေးခြင်းနှင့် စက်မကြီးပြုပြင်နိုင်ရေးအတွက် တရုတ်နိုင်ငံသား စက်ပြင်အင်ဂျင်နီယာ ၃ ဦးအား ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စက်မကြီးပြုပြင်မှု ဆောင်ရွက်သည့် စက်ပြင်အင်ဂျင်နီယာ ၁ ဦးအား လေကြောင်းခရီးလိုက်ပါနိုင်ရန် ဇွန်လ ၂၀ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ခေါ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။

စက်မကြီး ချို့ယွင်းနေသည့် “Glory Light” ရေယာဉ်အား မလေးရှားနိုင်ငံသို့ တွဲ/ဆွဲထွက်ခွာရန် ရောက်ရှိလာသည့် တွဲ/ဆွဲရေယာဉ် “MV. HUAYUE” ကို ဇွန်လ ၂၈ ရက်နေ့တွင် “Glory Light” ရေယာဉ်အား တွဲ/ဆွဲ၍ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် စောင့်ကြည့်ကူညီပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါ သည်။