ကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား

Myanmar Coast Guard

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။

အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ဖိတ်ကြားထားသော တပ်မတော်အရာရှိကြီးများ၊ ရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူး များ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အစိုးဌာနများမှ ဧည့်သည်တော်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

ပထမဦးစွာ တပ်ဖွဲ့ဖွဲ့စည်းခြင်း (၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် Recreation Center ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က Recreation Center အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပါသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အစိုးဌာနများမှ ဧည့်သည်တော်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဂုဏ်ပြုအမှာစကား‌ ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက အမြော်အမြင် ကြီးမားစွာဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသား ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ် ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း။

နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင် ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့် စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်စလုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်း ပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ ဖြစ်လာရမည်ဆိုသည့် မျှော်မှန်းချက်အမြင်ဖြင့် တည်ထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ မြန်မာ့ပင်လယ်ပြင်သည် နိုင်ငံတော်၏ ကုန်သွယ်ရေး National Trade အတွက် အရေးပါသည့် အသက်သွေးကြောဖြစ်သကဲ့သို့ အင်ဒို-ပစိဖိတ် ဒေသနှင့် အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့် တောင်အာရှ၊ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးများဖြစ် သော တရုတ်နှင့် အိန္ဒိယတို့ကို ဆက်သွယ်ပေးထားသည့် ပထဝီနိုင်ငံရေး ပေါင်းကူးဆက်စပ် ရပ်ဝန်းလည်းဖြစ်ကြောင်း။

ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများတွင် ပင်လယ်ရေကြောင်းကဏ္ဍများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများလည်း အများအပြား ပါဝင်လျက်ရှိကြောင်း။

ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များသည် ကျယ်ပြန့်နက်နဲသည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာစံနှုန်းဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ဆက်နွှယ်နေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ မူလစွမ်းရည် Maritime Potential ကို ထိရောက်စွာ အသုံးချနိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်၏ ပုံရိပ်ကောင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း အကျိုးစီးပွား များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းအပြင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးစသည့် တာဝန် များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များသည် တပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ် ကပင် သတ်မှတ်ပေးထားသည့် တပ်ဖွဲ့၏ စွမ်းရည်များပင်ဖြစ်ကြောင်း။

မြန်မာ့ပင်လယ်ပြင်အတွင်း ရေလုပ်သားနှင့် ရေကြောင်းသွားလာသူများကို အကာအကွယ်‌ပေး ရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာအကူအညီပေးရေး၊ တရားမဝင်မှောင်ခို လုပ်ငန်းနှင့် အကောက်အခွန်မဲ့ပစ္စည်းတားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြတားဆီးကာကွယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှောင်ခို တားဆီးကာကွယ်ရေး တာဝန်များအပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းထိန်းချုပ်နေရာကာကွယ်‌ရေး (Choke Point Control) နှင့် သံတမန်ရေးတာဝန်များကို တပ်မတော်(ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့များနှင့် ဟန်ချက်ညီစွာ လက်တွဲ ဖော်ဆောင်သွားကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို ထိုကဏ္ဍများတွင် လက်တွေ့ကျွမ်းကျင် ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ သင်တန်းများ စေလွှတ်ပြီး သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်ဖွဲ့ဝင်များ အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များတွင် ရှိသင့်သည့် စွမ်းရည်မြင့်မားမှု၊ နိုင်ငံတကာသုံးဘာသာ စကားဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများရှိအောင် ကြိုးစားသင်ယူနေကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ကမ်းလွန်ကင်းလှည့် ရေယာဉ်များ၊ အမြန်သွားကင်းလှည့် ရေယာဉ်များနှင့် ရေယာဉ်ငယ်များကို ဖြည့်တင်းပေးလျက် ရှိကြောင်း။

မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ဥပဒေနှင့်အညီ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နိုင်အောင် နိုင်ငံတော် အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့်အညီ တည်ကြည် ဖြောင့်မတ်ခိုင်မာစွာ မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်း များနှင့် အဏ္ဏဝါဂေဟစနစ်နှင့် သယံဇာတများကို ဂရုတစိုက် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်မှသာ “Good Order at Sea” “ပင်လယ် ပြင် ငြိမ်ဝပ်ပိပြားမှု စနစ်တကျရှိ စေရေး” ဆိုသည့် တပ်ဖွဲ့၏ စွမ်းဆောင်ရည် လုပ်ငန်းတာဝန်ကိုလည်း ကျေပွန်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်း နိုင်ငံများ၏ စီရင်ပိုင်ခွင့်အာဏာအတွက် အရေးပါသည့် နိုင်ငံတော်က သ‌ဘောတူ လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာရေကြောင်းဥပဒေ၊ ကွန်ဗင်းရှင်းများနှင့် နောက်ဆက်တွဲစာချုပ်များကိုလည်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ “Good Governance at Sea” ဆိုသည့် “ပင်လယ်ပြင်မှာ ကောင်းမွန်တရားမျှတသော ဥပဒေစိုးမိုးစေရေး” တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ရည်ရွယ်ချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း အကျိုးစီးပွားနှင့် ရေကြောင်းသယံဇာတများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်း အဆောက်အအုံများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်ကြရာတွင် နိုင်ငံ‌တော်၏ အချုပ်အခြာ အာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ပိုင်ခွင့် တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စွမ်းရည်ထက်မြက်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားပြီး နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ဝန်းသည့် မြန်မာ့ရေပြင် နယ်နိမိတ်တစ်လျှောက် အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ်အေးချမ်းသည့် ပင်လယ်ပြင်၊ သန့်ရှင်းသည့် ပင်လယ်ပြင်၊ ပိုမို ထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားပါသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဧည့်သည်တော်များနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်‌ထောင်ခြင်း (၅) နှစ်ပြည့်အထိမ်းအမှတ် Documentary Video ကို ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် ဧည့်သည်တော်များသည် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပါသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကမ်းခြေစောင့်တပ်ဖွဲ့ (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ကမ်းခြေစောင့်တပ်ဖွဲ့သုံး ပစ္စည်းကိရိယာများ၊ ရေယာဉ်ငယ်များနှင့် အထိမ်းအမှတ်ဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုကြပါသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် ရည်မှန်းချက်တာဝန်နှင့် စွမ်းဆောင်ရည်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ ရေကြောင်းဖြစ်စဉ်ကွပ်ကဲမှုခန်းမအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က နိုင်ငံတော်အကြီးအကဲ အနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်ချက်ကြီးမားစွာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ပိုမိုတိုးတက် အောင်မြင်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိနှင့် တပ်ဖွဲ့ဝင်များ ပိုမိုကောင်းမွန်ကျွမ်းကျင်နားလည်သိရှိနေစေရန် လေ့ကျင့်ဆည်းပူးကြစေလိုကြောင်း နှင့် ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိ၊ တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရာတွင် တပ်ဖွဲ့စွမ်းရည် ထက်မြက်ရေး၊ ခေတ်မီတိုးတက်ရေးကို အလေးထားရန်နှင့် တပ်ဖွဲ့များ၏ လုပ်ငန်းတာဝန်များသည် တပ်မတော်(ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် မတူကွဲပြားသည့်အတွက် တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားပါသည်။