၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့မှ အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပသည့် ပဉ္စမအကြိမ်မြောက် အာဆီယံကမ်းခြေ စောင့်တပ်ဖွဲ့များဖိုရမ်၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (5th ASEAN Coast Guard Forum – High Level Meeting) သို့ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှဒေသတွင်း အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ် အဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ ဆိုင်ရာမဟာမင်းကြီးရုံး(UNODC)နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပြီး ဒေသတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်း ဆိုင်ရာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။
အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်သည် အာဆီယံနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရေကြောင်းတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည်ဆောက် ရန်နှင့် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး၊ ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အရေးကြီးသော မူဘောင်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီးပထအကြိမ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖိုရမ်ကို ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် စတင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်အား ၂၀၂၃ ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် လည်းကောင်း၊ တတိယအကြိမ်အား ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ၊ ဒါဗာအိုမြို့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်အား ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချွန်ဘူခရိုင်၊ ပတ္တရားမြို့တွင်လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ပဉ္စမအကြိမ်မြောက် ကမ်းခြေစောင့် တပ်ဖွဲ့များဖိုရမ်၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံပင်လယ်ရေကြောင်းဆိုင်ရာကွပ်ကဲမှုဗဟိုဌာန (Thai-MECC) ကိုယ်စားလှယ်မှ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော (၄) ကြိမ်မြောက်အာဆီယံတပ်ဖွဲ့ဖိုရမ် အစည်းအဝေးဆိုင်ရာ အစီအရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ အာဆီယံဒေသ တွင်း ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ တစ်နှစ်တာကာလ မှတ်တမ်း ထားရှိဆောင်ရွက်မှုများကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့ဖိုရမ်၏ သဘောတရားစာတမ်းနှင့် လုပ်ငန်းလမ်းညွှန်တို့၏ နောက်ဆုံးမူကြမ်းများအပေါ် ဦးစီးအရာရှိအဆင့်လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ခြင်း နှင့် ဆွေးနွေးမှုရလဒ်စာတမ်းများအား အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ၂၀၂၇ ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် နည်းပညာကျွမ်းကျင်သူအဖွဲ့ (ဦးစီးအရာရှိများ) အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီး များ အစည်းအဝေးတို့အား တာဝန်ယူကျင်းပမည့် ဖိုရမ်အဖွဲ့ဝင်ကမ်းခြေစောင့်တပ်ဖွဲ့များ သတ်မှတ် နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။






